We Believe JesusFé, Esperança e Nova Vida

Ecclesiastes 12

BurJudson: 1835 Judson Burmese Bible · birmanês

← Ecclesiastes 11 Ecclesiastes

1ငါနေ၍ မပြောနိုင်ဟုဆိုရသော ကာလသည် မနီး၊ ဆိုးသောကာလမရောက်မှီ၊ ယခုအသက်ပျိုစဉ်အခါ ပင်၊ သင့်ကို ဖန်ဆင်းတော်မူသောအရှင်ကို အောက်မေ့ လော့။

2နေနှင့်အလင်း၊ လနှင့်ကြယ်တို့သည် ကွယ်၍ မိုဃ်းရွာပြီးမှ၊ အထပ်ထပ်ရွာတတ်သော ကာလမရောက် မှီ အောက်မေ့လော့။

3ထိုကာလ၌ အိမ်စောင့်တို့သည် တုန်လှုပ်၍၊ ခိုင်ခံ့သော သူတို့သည် အားလျော့ကြလိမ့်မည်။ ဆန် ကြိတ်သောသူတို့သည် နည်းသောကြောင့် ရပ်ကြလိမ့် မည်။ ပြတင်းပေါက်ဖြင့် ကြည့်သော သူတို့သည် အလင်း ကွယ်ကြလိမ့်မည်။

4ကြိတ်သံလျော့သောအခါ၊ လမ်းနားမှာ တံခါး ရွက်တို့သည် စေ့လျက်ရှိလိမ့်မည်။ ငှက်သံကိုကြားသော အခါ၊ စောစောထလိမ့်မည်။ သီချင်းသည်မ အပေါင်းတို့ သည် အသံသေးကြလိမ့်မည်။

5ထိုကာလ၌ မြင့်သောအရာတို့ကို ကြောက်ကြ လိမ့်မည်။ လမ်း၌ဘေးတွေ့မည်ဟု ထင်ကြလိမ့်မည်။ ဗာတံပင်ပွင့်လိမ့်မည်။ ကျိုင်းကောင်သည် မိမိ၌မိမိ လေးလိမ့်မည်။ အလိုဆန္ဒလျော့လိမ့်မည်။ အကြောင်းမူ ကား၊ လူသည်ထာဝရနေရာသို့ သွားဆဲရှိ၍၊ ငိုခြင်းသည် တို့သည် လမ်းတို့၌ လှည့်လည်ကြ၏။

6ငွေကြိုးပြုတ်ခြင်း၊ ရွှေဖလားကွဲခြင်း၊ စမ်းရေတွင်း ၌ ရေပုံးပေါက်ခြင်း၊ ရေကျင်းနားမှာစက်ကျိုးခြင်း အခြင်း အရာတို့သည် ဖြစ်ကြလိမ့်မည်။

7ထိုကာလ၌ မြေမှုန့်သည် နေရင်းမြေသို့၎င်း၊ ဝိညာဉ်သည် အရင်ပေးတော်မူသော ဘုရားသခင့်ထံသို့ ၎င်း ပြန်သွားရလိမ့်မည်။

8အနတ္တသက်သက်၊ အလုံးစုံတို့သည် အနတ္တဖြစ် ကြသည်ဟု ဓမ္မဒေသနာဆရာဟော၏။

9ဓမ္မဒေသနာဆရာသည် ပညာရှိသည်အတိုင်း၊ ပရိသတ်တို့အား ပညာအတတ်ကို သွန်သင်လေ့ရှိ၏။ လုံ့လဝိရိယပြုလျက် များစွာသော သုတ္တံစကားတို့ကို ရှာဖွေ၍စီရင်၏။

10ဓမ္မဒေသနာဆရာသည် နားထောင်ဘွယ်သော စကားကိုရှာ၍၊ ရေးထားချက်စကားသည် ဖြောင့်မတ် သောစကား၊ သမ္မာစကားဖြစ်၏။

11ပညာရှိသောသူ၏စကားသည် တုတ်ချွန်နှင့် ၎င်း၊ တပါးတည်းသော သိုးထိန်းကြီးအပ်ပေတော်မူ၍၊ ပရိသတ်အုပ်တို့ ရိုက်ထားသောသံချွန်နှင့်၎င်း တူ၏။

12တဖန်တုံ၊ ငါ့သား၊ ထိုသို့သောစကားအားဖြင့် ဆုံးမခြင်းကို ခံလော့။ စာများကိုစီရင်၍ မကုန်နိုင်။ စာကို ကြိုးစား၍ ကြည့်ရှုခြင်းအမှုသည်၊ ကိုယ်ကို နှောင့်ရှက် သောအမှုဖြစ်၏။

13အချုပ်အခြာစကားဟူမူကား၊ ဘုရားသခင်ကို ကြောက်ရွံ့၍၊ ပညတ်တော်တို့ကို စောင့်ရှောက်လော့။ ဤရွေ့ကား၊ လူနှင့်ဆိုင်သော အမှုအရာအလုံးအစုံတို့ကို ချုပ်ခြာသတည်း။

14အကြောင်းမူကား၊ ဘုရားသခင်သည် ခပ်သိမ်း သော ဝှက်ထားခြင်းမှစ၍၊ အလုံးစုံသောအမှု၊ ကောင်း မကောင်းရှိသမျှတို့ကို စစ်ကြော၍၊ တရားသဖြင့် စီရင် တော်မူလတံ့သတည်း။ ရှောလမုန်မင်းကြီးစီရင်ရေးထားသောဒေသနာကျမ်းပြီး၏။

← Ecclesiastes 11 Ecclesiastes